Thursday, December 18, 2008

"IQ ဆိုတာဘာလဲ?"

သူငယ်ချင်းတစ်ယောက်ကို မေးဖူးပါတယ်။ IQ ဆိုတာဘာလဲလို့။ သူကပြန်ဖြေတယ် IQ ဆိုတာ "Intelligence Quotient" တဲ့။ ဒါကတော့ လူတိုင်းသိမယ်ထင်ပါတယ်။ တကယ်တော့ IQ ဆိုတာ လူတွေရဲ့ smartness ကိုတိုင်းတာတဲ့ unit တစ်ခုပါပဲ။ အဲဒါကို အစပျိုးပေးခဲ့သူကတော့ ပြစ်သစ် စိတ္တဗေဒပညာရှင်ကြီး Alfred Binet ပါပဲ။ သူနဲ့ သူလက်ထောက် Theodore Simon တို့ဟာ ၁၉၀၅ခုနှစ်မှာ လူတွေရဲ့ intelligence ကိုတိုင်းဖို့အတွက် Binet Simon Test ကိုထုတ်ခဲ့ကြပါတယ်။ ဒီ Testဟာ လူတစ်ယောက်ရဲ့ Intelligence ကိုအကြမ်းဖျင်းလောက်တော့ ခန့်မှန်းလို့ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ယခုခေတ် ကျွန်တော်တို့အသုံးပြုနေတဲ့ IQ ကိုတွက်တဲ့ပုံသေနည်းကို စတင်ဖော်ထုတ်ခဲ့သူကတော့ ဂျာမန် စိတ္တဗေဒပညာရှင်ကြီး William Stern ပဲဖြစ်ပါတယ်။ သူက Binet Simon Test ကရတဲ့အဖြေကို အခြေခံပြီးတော့ IQ တွက်တဲ့နည်းကိုဖော်ထုတ်ခဲ့တာပါ။ IQ တွက်တဲ့နည်းကတော့ အဲဒီ Binet Simon Test ကိုကျွန်တော်တို့ဖြေလို့ရမယ့် အမှတ် တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု(Mental Age) ကိုတည် ကျွန်တော်တို့ လက်ရှိအသက်(Chronological Age) နဲ့စား ရတဲ့ဟာကို ၁၀၀နဲ့ မြှောက်ရတာဖြစ်ပါတယ်။
100x(MA/CA)
အကယ်၍ ကိုယ်ရဲ့​ IQ က ၁၀၀ ရနေမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် အသက်နဲ့ ဥာဏ်ပညာအသက် တူညီတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကမ္ဘာပေါ်မှာရှိ လူဦးရေရဲ့ ၈၀%ဟာ IQ ၈၀ နဲ့ ၁၂၀ကြားမှာရှိပါတယ်။ IQ ၇၅ ထက်နိမ့်ရင်တော့ ဥာဏ်ရည်မမှီးဘူးလို့သတ်မှတ်လို့ရပါတယ်။ ကဲ.... အခုသင်လည်းသင့် IQ ဘယ်လောက်ရှိလဲသိချင်နေရောပေါ့။ ဒီ Linkလေးကိုသွားလိုက်ပါ။ စာဖတ်သူအားလုံး ကျေနပ်နိုင်ကြပါစေ။

Tuesday, December 16, 2008

"ဆင်ကျီစားရာ ဆိတ်မခံသာ"

ဒါကတော့ တစ်ဦးနဲ့တစ်ဦးခံနိုင်ရည် limit မတူတာကိုပြောတဲ့စကားပုံပါ။ ဆင်တို့ အချင်းချင်းကျီစားရာတွင် တစ်ကောင်ကိုတစ်ကောင် ခြေထောက်နဲ့ကန် နှာမောင်းနဲ့ရိုက် ကျီစားလို့ရသော်လည်း ထိုကဲ့သို့ ဆိတ်ကိုကျီစားပါက ဆိတ်ခံနိုင်ရည်မရှိနိုင်ပါ။ စကားပုံက "တစ်ဦးနဲ့တစ်ဦး ကျီစားရင်ပဲဖြစ်ဖြစ် စကားပြောရင်ပဲဖြစ်ဖြစ် တစ်ဦးရဲ့ခံနိုင်ရည် limit ကို တစ်ဦးကသိထားသင့်ပါတယ်။ ထို limit ထက်ကျော်ပြီး ကျီစားမိပါက သူတစ်ပါးအပေါ်တွင် ကျီစားသလို သဘောမသက်ရောက်တော့ပဲ မခံမရပ်နိုင်စရာတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အချင်းများတတ်ပါတယ်။" လို့ဆိုလိုချင်တာပါ။ ညီအစ်ကို မောင်နှမချင်း ကျီစားတဲ့အခါပဲဖြစ်ဖြစ် သူငယ်ချင်း အချင်းချင်း ကျီစားရင်ပဲဖြစ်ဖြစ် လူကြီးတွေက အလွန်အကျွံ မဖြစ်အောင် ပြောတတ်တဲ့ စကားပုံပါ။

Friday, December 12, 2008

"အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံး"

လူတွေထမင်းဟင်းချက်တဲ့အခါမှာ အသုံးပြုတဲ့အိုးတွေဟာ သုံးတာကြာလာရင် နှုတ်ခမ်းတွေဟာ အနည်းငယ်ရွဲ့သွားလေ့ရှိပါတယ်။ အဲလိုရွဲ့သွားတဲ့အခါမှာ အိုးနှုတ်ခမ်းကို နဂိုဖြစ်အောင်မပြင်တော့ပဲ စလောင်းဖုံးကိုသာ ရွဲ့အောင်လုပ်လိုက်တာဟာ လွယ်ကူပြီး အိုးလည်းလုံစေပါတယ်။ အခုစကားပုံရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကတော့ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံးသလိုပဲ လူ့ဘဝမှာနေတဲ့အခါမှာ အမြဲတသမတ်တည်းမနေပဲ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေသင့်တယ်လို့ဆိုလိုပါတယ်။ လူကြီးတွေ ဆုံးမတဲ့အခါ သုံးလေ့ရှိတဲ့စကားပုံလေးပေါ့။

Wednesday, December 10, 2008

"လယ်ထွန်သွား နွားမေ့"

ယခင် စက်မှုလက်မှု မထွန်ကားခင်တုန်းက လယ်ထွန်တဲ့နေရာမှာ နွားကိုအသုံးပြုလေ့ရှိပါတယ်။ တချို့လူတွေက နွားတွေဟာလူတွေရဲ့ ထမင်းရှင်လို့တောင် တင်စားပြောဆိုလေ့ရှိပါတယ်။ ဒါကြောင့် နွားတွေဟာ လယ်ထွန်တဲ့နေရာမှာ အရေးအကြီးဆုံးလို့ပြောလို့ရပါတယ်။ အခု စကားပုံရဲ့ အဓိပ္ပါယ်ကတော့ လယ်ထွန်သွားတဲ့အခါမှာ အရေးကြီးဆုံးဖြစ်တဲ့ နွားကိုမေ့ကျန်ခဲ့တယ်လို့ ဆိုချင်တာပါ။ တစ်နေရာရာသွားလို့ အရေးကြီးတဲ့ပစ္စည်း တစ်စုံတစ်ခုကျန်ခဲ့ရင် သုံးပါတယ်။ တပါးသူကို အပြစ်တင်ရင် သုံးလေ့ရှိတဲ့စကားပုံတစ်ခုပါ။

Tuesday, December 9, 2008

"မိကျောင်းမင်း ရေခင်းပြ"

ရေချိုသတ္တဝါတွေထဲမှာ မိချောင်းဟာ ရေနဲ့ပတ်သတ်လို့ ရေအသွားအလာ ရေအဖြစ်အခင်းအစရှိသည်ကို နားအလည်ဆုံး သတ္တဝါဖြစ်ပါတယ်။ အဲဒီ မိချောင်းတွေထဲကမှ ဘုရင်ဖြစ်တဲ့ မိချောင်းမင်းကို ရေအဖြစ်အခင်းပြသလမ်းညွှန်တယ်လို့ စကားပုံကအဓိပ္ပါယ်ရပါတယ်။ လူတစ်ယောက်ကို သူကျွမ်းကျင်တဲ့ဘက်မှာ သွားပြီး ဆရာလုပ်သလိုမျိုးပေါ့နော်။ ကိုယ်သိတဲ့အရာကို တခြားတစ်ယောက်က လာဆရာလုပ်ရင် သုံးလေ့ရှိတဲ့စကားပုံပါပဲ။

စကားပုံ

မြန်မာလူမျိုးတော်တော်များများက စကားပြောတဲ့အခါမှာ စကားပုံတွေနဲ့ခိုင်းနှိုင်းပြောဆိုလေ့ရှိကြတယ်။ တော်တော်များများက လူကြီးတွေပါ။ အဲဒီအခါမှာ ကိုယ်ကမသိတဲ့အခါမှာ ခံလိုက်ရတာတွေရှိတတ်တယ်။ အဲဒါကြောင့် ကျွန်တော်က ကျွန်တော်သိသမျှ စကားပုံလေးတွေရဲ့ အဓိပ္ပါယ်နဲ့သုံးတတ်တဲ့နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သိချင်တဲ့ စကားပုံလေးတွေရှိရင်လည်း မေးလို့ရပါတယ်။ ပြောပြပေးပါ့မယ်။ သိရင်ပေါ့နော်။ =P