Sunday, October 4, 2009

အမေ

ဒီ ကဗျာလေးကို ဆယ်တန်းတည်းက ဖတ်ဖူးတာပါ။ ဒါပေမယ့် ဒီ blog ကိုစရေးတော့ ဒီကဗျာလေးကို မေ့ချင်သလိုလို ဖြစ်နေလို့ မူရင်းရသပျက်မှာစိုးလို့ မရေးဖြစ်တာပါ။ အခုတော့ ရန်ကုန်ရောက်တုန်း စာအုပ်ထဲကသေသေချာချာကူးပြီး အမေကိုချစ်တဲ့ စာဖတ်သူအားလုံးကို ဝေမျှပေးလိုက်ရပါတယ်။
"အလွမ်းပြေ အမေရေးတဲ့

ကောက်ကောက်ကေွးကွေး အက္ခရာ

ခဲတံကို တံတွေးဆွတ်လို့

ဖျက်ပွတ်ရာ အစုံစုံနဲ့

စာသတ်ပုံ မမှန်ကန်လဲ

အမေ့ဥာဏ် ဘယ်လို့ကောင်းပါလိမ့်

ပျောင်းညွတ်သည့်စာ

ဖိုးသာယာကျောင်းမှာ တုန်းဆီက

သင်ပုန်းကုန် ကျွတ်အောင်မတတ်သော်လည်း

အမေ့မှာ စေတနာဓာတ်တွေက

ဖျတ်ကနဲ ယိုလို့လာ

လွမ်းစာတဲ့ဆောင်ပါး

အမေမရှိသော်လည်း

ဖြေမိဖြေစရာပေါ့

သည်လွမ်းစာ သည်လက်ရေးရယ်က

ပဲတီချဉ်သွယ်သွယ်ကွေးလိုပ

စီရေးပုံ မပြေပါလဲ

စေတနာ အလွန်သန့်တာမို့

အမေ့စာတကယ်ခန့်တယ်

အံ့မိပါတကား။"

Saturday, June 27, 2009

PHYSICS

ဘာရယ်မဟုတ်ပါဘူး။ MST အတွက်စာလုပ်နေရင်း ပျင်းလာလို့ စာရေးမယ်ဆိုပြီးအတွေးဝင်လာတာပါ။ ဒီ blog ထဲလဲ မရောက်တာကြာပြီလေ။ Physics ဆရာတစ်ယောက်ပြောတဲ့ ပုစ္ဆာလေးပါ။ ကျွန်တော်ကတော့ အခုထိကို သတိရနေတုန်းပဲ။ တော်တော်များများလဲ ကြားဖူးမယ်ထင်ပါတယ်။ မကြားဖူးတဲ့သူတွေ အတွက် ဝေမျှချင်လို့ပါ။ ပုစ္ဆာလေးကဒီလိုပါ။
" သင်ဟာ အာကာသ ယဉ်မှူးတစ်ယောက်ဆိုကြပါစို့။ သင့်အာကာသယဉ်ရဲ့ အဝေးတစ်နေရာမှာ သင်ဟာ အရာတစ်ခုခုကို ပြုပြင်နေတယ်။(ဆိုလိုတာက အာကာသထဲမှာပဲ ဒါပေမယ့် သင်ဟာယဉ်နားမှာတော့ မရှိဘူးပေါ့)။ အဲဒီ အချိန်မှာပဲ သင်နဲ့ အာကာသယဉ်နဲ့ ဆက်သွယ်ထားတဲ့ကြိုးက အကြောင်းတစ်ခုခုကြောင့် ပြတ်သွားတယ်ဆိုပါစို့။ သင့်လက်ထဲမှာလည်း ကပ်ကြေးတစ်ချောင်းပဲရှိတယ်။ ကဲ သင့်ရဲ့အသက်ကို ဥာဏ်နဲ့သာကယ်တင်ပေတော့တဲ့။ မေးချင်တာကတော့ သင်ဟာဘယ်လိုနည်းနဲ့ ယဉ်ဆီကိုပြန်သွားမလဲပေါ့နော်။"
ကဲအားလုံးပဲ ဒီပုစ္ဆာလေးကို အဖြေရှာကြည့်ပါလား
အဖြေကတော့ comment ထဲမှာရှိပါတယ်။ စာဖတ်သူအားလုံး အပျင်းပြေနိုင်ပါစေ။

Thursday, March 19, 2009

ကဗျာ

ဘာမဟုတ်တာကို
ကဗျာတစ်ပုဒ်ရေးပြီး
အထာလုပ်တယ်လို့တော့မထင်ပါနဲ့။

တကယ်တော့ မင်းရဲ့အပြုံးများမှာ
ကိုယ့်ရဲ့နှလုံးသားဟာ ရုံးမထွက်နိုင်လို့
အရှုံးသမားဖြစ်ခဲ့ရတာပါ။

စတွေတဲ့နေ့ကဆို ဗုဒ္ဓဟူး
ကိုယ့်အတွက် မင်းဟာ အဟုတ်ထူးလို့
စားနေတဲ့ မုန့်ဘူးတောင် လွတ်ကျခဲ့သေးတယ်။

ကိုယ့်ရဲ့ အသည်းပန်းလေးရယ်
မင်းကို ကိုယ်စွဲလန်းလွန်းလို့
မင်းနေတဲ့ ပန်းဘဲတန်း အထိတောင်လိုက်ခဲ့မိတယ်လေ။

မင်းရဲ့အပြုံးလေးတစ်ချက် ပုံမှန်ဟာ
ကိုယ်ရဲ့ နှလုံးသွေးတစ်စက်ကို အစုန်အဆန်ဖြစ်အောင်လုပ်နိုင်လို့
ကိုယ်မင်းကို မျက်နှာလွှဲဖို့ ပုန်ကန်မိတယ်ကွာ။

ကိုယ့်ရဲ့ခံစားချက်တွေ လွန်ကဲ
အချစ်ဆိုတဲ့ နွံထဲမှာ
အသိတရားနဲ့နှလုံးသား လွန်ဆွဲနေခဲ့တယ်။

နှလုံးသားဟာ အသိတရားက ရုံးထွက်
နောက်ဆုံးတော့ မင်းဆီကို ဖုန်းဆက်ခဲ့တယ်
ဒါပေမယ်မင်း ရန်ငြိုးမရှိပဲ ကိုယ့်ကို မုန်းရက်ခဲ့တယ်နော်။

PS:တစ်ဦးတစ်ယောက်ကို ရည်စူးခြင်းမရှိပါ။

Wednesday, March 18, 2009

ကျန်းမာရေးနဲ့တစ်နေ့တာ

ဒီတစ်ခါတော့ လူတိုင်းအတွက် အသုံးဝင်မယ့် ကျန်းမာရေးဗဟုသုတလေး တစ်ခုကိုပေးချင်ပါတယ်။ ကျောင်းသားတွေဟာဆိုရင်လည်း ကိုယ့်ကျောင်းစာနဲ့ကိုယ် အလုပ်သမားတွေကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ ကျန်းမာရေးမလိုက်စားနိုင်တဲ့သူတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့လိုက်နာရလွယ်ကူမယ့် နည်းလမ်းလေးတွေပါ။ ကဲဘာတွေလဲသိရအောင် အောက်မှာကြည့်လိုက်ရအောင်.....

၁။ မနက်နိုးနိုးချင်းဘာလုပ်မလဲ။
မနက်ဟာတစ်နေ့တာအတွက်အရေးအကြီးဆုံး အစိတ်အပိုင်းပါပဲ။ လူတော်တော်များများကိုမေးကြည့်ပါတယ် မနက်ဘာလုပ်လဲပေါ့နော်။ အလုပ်သွားတယ် ကျောင်းသွားတယ်လို့ပဲဖြေကြပါတယ်။ ညကအိပ်ရေးမဝတော့ ဘတ်စ်ကားပေါ် ဒါမှမဟုတ် ရထားပေါ်မှာအိပ်တယ်တဲ့။ ကျောင်းရောက်တော့၊ အလုပ်ရောက်တော့ အိပ်စက်ငိုက်တယ်တဲ့။ ဒါတွေဟာ ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ လူတွေရဲ့ခန္ဓာကိုယ် စက်ကြီးတစ်လုံးနဲ့အလားတူပါတယ်။ စက်ကို အနားပေးပြီး ချက်ချင်းမောင်းလို့မရသလို လူတွေကလည်း နိုးနိုးချင်း အလုပ်လုပ်ဖို့ခက်ပါတယ်။ အဲဒီတော့ ပထမဆုံး ဘာလုပ်ရမလဲဆိုတော့ ၁၀မိနစ်ခန့် အသားကုန် ပြေးရပါမယ ဒါဟာ သင့်ခန္ဓာကိုယ်ကြီးကို စက်နှိုးပေးလိုက်သလိုပါပဲ။ ဘာလို့အသားကုန်ပြေးရမှာလဲဆိုတော့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးအလုပ်လုပ်အောင်ပါ။

၂။ သင့်ရဲ့အရေးကြီးလှတဲ့ မနက်စာ
အခု စင်္ကာပူရောက်နေတဲ့ ကျွန်တော်သူငယ်ချင်းတော်တော်များများဟာ မနက်စာမစားကြပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့ကမအားလို့၊ တစ်ချို့ကအိပ်ယာထနောက်ကျလို့ စသည်ဖြင့်ပေါ့။ ဒါဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကို ခန္ဓာကိုယ်ဟာ တစ်နေကုန်လည်ပတ်ဖို့ လောင်စာလိုပါတယ်။ အဲဒီ လောင်စာကဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့မနက်စာပါပဲ။ စက်နှိုးပြီးရင် လောက်စာလိုတယ်မဟုတ်လား။ အဲ မနက်စာကို အများကြီးမစားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို ခန္ဓာကိုယ်ဟာ အခုမှစတင်မောင်းနှင်တာပါ။ အစာအများကြီးကို မချေဖျက်နိုင်ပါဘူး။ အဲဒီအချိန်ကျရင် အစာပိုတွေဟာ အဆီပိုအဖြစ်စုသွားတတ်လို့ပါ။ မနက်စာမစားပဲ နေ့လည်စာတန်းစားရင်လည်း ဒီသဘောပါပဲ။

၃။ တစ်နေ့တာ အတွက်"ရွှေ"
ကျွန်တော်တို့ စားတဲ့မနက်စာထဲမှာ ရွှေပါဖို့လိုပါတယ်။ တကယ့်ရွှေကို ပြောတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ရွှေလိုတန်ဖိုးရှိလို့ ရွှေလို့ခေါ်တာပါ။ အဲဒီရွှေကတော့ သစ်သီးပါပဲ။ မနက်စားတဲ့ သစ်သီးနဲ့ ညနေစားတဲ့သစ်သီးနဲ့ သစ်သီးချင်းတူရင်တောင် ခန္ဓာကိုယ်အတွက် အကျိုးရှိတာချင်းတော့ ကွာပါတယ်။ အဲဒါကြောင့် မနက်စာစားတဲ့အခါမှာ သစ်သီးအနည်းဆုံးတစ်မျိုးတော့ စားဖြစ်အောင်စားပါ

၎။ အစားအသောက်ကို သင့်တော်သလို ချိန်ပါ
တစ်ချို့လူတွေဟာ အစားစာတဲ့အခါမှာ ကိုယ်စားချင်တာရှိရင် များများစားပြီး ကိုယ်မကြိုက်တာများပါလို့ရှိရင် နည်းနည်းပဲစားတတ်ကြပါတယ်။ ပြီးတော့ အလုပ်များပြီး နေ့လည်စာကျော်သွားလို့ ညနေစာနဲ့ပေါင်းပြီးစားတယ်တဲ့။ ဒါတွေဟာ ကျန်းမာရေးလိုက်စားတဲ့ သူတွေအတွက် လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ စက်တွေကို လောင်စာအများကြီးပေးလို့ မရသလိုပေါ့။ လိုတဲ့လောင်စာကို လိုတဲ့အချိန်မှာ ပေးရပါမယ်။ အဲဒါကြောင့် နေ့လည်စာ တို့ ညနေစာတို့ကို ဗိုက်ပြည့်ရုံသာစားသင့်ပါတယ်။ အဲ နေ့လည်စာနဲ့ ညနေစာကြားမှာလည်း အချိန်အများကြီးအခြားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ကြားထဲမှာ လောင်စာကုန်သွားမှာစိုးလို့ပါ။ အဲဒါကြောင့် နေ့လည်စာ နဲ့ ညနေစာကြားမှာ အစာပြေလေးဖြစ်ဖြစ် နည်းနည်းလောက် ၂နာရီ ဒါမှမဟုတ် ၃နာရီ ခြားပြီးစားရပါမယ်။ အစားနဲ့တင်မပြီးပါဘူး။ ရေဟာလည်းခန္ဓာကိုယ်အတွက် အရေးပါပါတယ်။ ဒါကြောင့် အနည်းငယ်အေးတဲ့ရေကို တစ်နေ့မှာ ၇လီတာ ကနေ ၁၀လီတာအထိသောက်ပေးသင့်ပါတယ်

၅။ သင့်ရဲ့အနားယူချိန်
တစ်နည်းအားဖြင့်တော့ အိပ်ချိန်ပေါ့။ အိပ်ချိန်ဟာ တစ်နေ့နဲ့တစ်နေ့ ပုံမှန်ဖြစ်ရပါမယ်။ အလုပ်တွေမပြီးလို့၊ စာတွေမပြီးလို့ overnight လုပ်တာမျိုး။ ကျောင်းပိတ်ရက်မို့လို့ ရုံးပိတ်ရက်မို့ အတိုးချအိပ်တာမျိုးကို လုံးဝရှောင်ရပါမယ်။ ကျန်းမာတဲ့လူတစ်ယောက်အတွက် တစ်နေ့တာအိပ်ချိန်ဟာ အနည်းဆုံး ၇နာရီခွဲ နဲ့ အများဆုံး ၈နာရီပါ။ အဲ အိပ်တဲ့အခါမှာ ကိုယ်အိပ်တဲ့နေရာရဲ့ ပတ်ဝန်းကျင် အပူချိန်ကို maintain လုပ်ရပါမယ်။ အထူးသဖြင့် အရမ်းကြီးမအေးအောင်ပေါ့။ အလွန်အေးတဲ့နေရာမှာ တစ်ညလုံးထားထားတဲ့ စက်ဟာ မနက်ကျရင်နှိုးရခက်သလိုပါပဲ။
စာဖတ်သူအားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ။

Tuesday, March 10, 2009

သူတို့ပြောတဲ့စကား

သူများတွေတော့မသိဘူး ကျွန်တော်ကတော့ စိတ်ဓါတ်ကျတဲ့အချိန်တို့ စာမလုပ်ချင်တဲ့အချိန်တို့ အလုပ်မလုပ်ချင်တဲ့အချိန်တို့ရောက်လို့ရှိရင် နာမည်ကြီးပညာရှင်တွေ ပြောလေ့ရှိတဲ့ quote လေးတွေကိုဖတ်လေ့ရှိပါတယ်။ အဲဒီ quote လေးတွေကစာကြောင်းလေးတွေ ဖြစ်ပေမယ့် လူတွေကို အနှိုင်းမဲ့တဲ့ အင်အားတွေပေးနိုင်ပါတယ်။ အဲဒီ အင်အားတွေကို စာဖတ်သူအားလုံး ခံစားနိုင်အောင် ကျွန်တော်က မြန်မာမှုပြုပြီး တင်ပြပေးလိုက်ပါတယ်။
"အလွန်တော်ပါတယ်ဆိုတဲ့သူတစ်ယောက်ဟာ အမှားတွေနဲ့ယဉ်ပါးနေတဲ့သူတစ်ယောက်ပဲ။"

"လောကမှာ အဆုံးမရှိတဲ့ အရာနှစ်ခုပဲရှိတယ်။ တစ်ခုက စကြာဝဠာကြီး နောက်တစ်ခုက လူသားတို့ရဲ့ညံ့ဖျင်းမှုပဲ"

"ကျောင်းမှာသင်ထားသမျှအားလုံး မေ့သွားတဲ့အချိန်မှာ ကျန်ခဲ့တာကိုပဲ ပညာလို့ခေါ်တာ"


"အလုံးစုံကို အဆင်သင့်ဖြစ်အောင်သာ စောင့်နေရင် ဘာမှစလုပ်ဖြစ်မှာမဟုတ်ဘူး"



"အရာရာကို ဆုံးရှုံးရဲတဲ့သူဟာ ကြီးမြတ်တဲ့ အရာတွေကိုပဲ အမြဲရရှိတတ်တယ်"

"အောင်မြင်တဲ့လူတစ်ယောက်ဟာ တစ်ခုခုကိုအရှုံးပေးဖို့စဉ်းစားတိုင်
စောလွန်းတယ်လို့ ထင်တတ်တယ်"

"သင်ဟာလေးတစ်ချောင်းကို အမြဲတင်ထားမယ်ဆိုရင် အဲဒီလေးဟာမပစ်ခင်မှာ
ကြိုးသွားပါလိမ့်မယ်"



"မနက်ဖြန်သေရမယ်ဆိုတဲ့ အတွေးနဲ့အသက်ရှင်ပါ။ ဘယ်တော့မှမသေဘူးဆိုတဲ့ အတွေးနဲ့ သင်ယူပါ"



"တွေးခေါ်ခြင်းဟာ အခက်အခဲကို မကျော်နိုင်ဘူး။ လုပ်ဆောင်ခြင်းကပဲ ကျော်နိုင်တာ"


စာဖတ်သူအားလုံး ကျေနပ်အားရနိုင်ပါစေ။

Tuesday, March 3, 2009

ဘုန်းဘုန်းပေးတဲ့ ယတြာ

ငယ်ငယ်တုန်းကပါ။ ဘယ်အရွယ်လဲတော့ သေသေချာချာ မမှတ်မိတော့ဘူး။ ကျွန်တော်တို့မိသားစု ကိုးကွယ်တဲ့ နယ်ကဘုန်းကြီးတစ်ပါးက အိမ်ကိုရောက်လာတယ်။ ရန်ကုန်ကိုလာပြီး ဘာဘွဲ့ဆိုလား လာယူတာတဲ့။ ကျွန်တော့်အမေက ပြောတယ် ဘုန်းဘုန်းလိုဖြစ်အောင်ကြိုးစားတဲ့။ ဘုန်းဘုန်းက စာလည်းတော်တယ် ဥာဏ်လည်းကောင်းတယ်ပေါ့နော်။ ကျွန်တော်ကလည်းဘယ်ရမလဲ ဘုန်းဘုန်းကို စာတော်အောင် ယတြာလေးဘာလေး ပေးပါလို့ ပြောတာပေါ့။ ဘုန်းဘုန်းက ပြောတယ် စာတော်အောင် စာများများဖတ်ပေါ့တဲ့။ အဲဒီတော့ ဥာဏ်ကောင်းအောင် ယတြာတောင်းတာပေါ့။ အဲဒီတော့ ဘုန်းဘုန်းကဘာပြောလဲဆိုတော့ ဥာဏ်ကောင်းအောင် ညတိုင်းညတိုင်း ဒူးရင်းသီးကိုခေါင်းအုံးအိပ်တဲ့.... =D

Thursday, December 18, 2008

"IQ ဆိုတာဘာလဲ?"

သူငယ်ချင်းတစ်ယောက်ကို မေးဖူးပါတယ်။ IQ ဆိုတာဘာလဲလို့။ သူကပြန်ဖြေတယ် IQ ဆိုတာ "Intelligence Quotient" တဲ့။ ဒါကတော့ လူတိုင်းသိမယ်ထင်ပါတယ်။ တကယ်တော့ IQ ဆိုတာ လူတွေရဲ့ smartness ကိုတိုင်းတာတဲ့ unit တစ်ခုပါပဲ။ အဲဒါကို အစပျိုးပေးခဲ့သူကတော့ ပြစ်သစ် စိတ္တဗေဒပညာရှင်ကြီး Alfred Binet ပါပဲ။ သူနဲ့ သူလက်ထောက် Theodore Simon တို့ဟာ ၁၉၀၅ခုနှစ်မှာ လူတွေရဲ့ intelligence ကိုတိုင်းဖို့အတွက် Binet Simon Test ကိုထုတ်ခဲ့ကြပါတယ်။ ဒီ Testဟာ လူတစ်ယောက်ရဲ့ Intelligence ကိုအကြမ်းဖျင်းလောက်တော့ ခန့်မှန်းလို့ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ယခုခေတ် ကျွန်တော်တို့အသုံးပြုနေတဲ့ IQ ကိုတွက်တဲ့ပုံသေနည်းကို စတင်ဖော်ထုတ်ခဲ့သူကတော့ ဂျာမန် စိတ္တဗေဒပညာရှင်ကြီး William Stern ပဲဖြစ်ပါတယ်။ သူက Binet Simon Test ကရတဲ့အဖြေကို အခြေခံပြီးတော့ IQ တွက်တဲ့နည်းကိုဖော်ထုတ်ခဲ့တာပါ။ IQ တွက်တဲ့နည်းကတော့ အဲဒီ Binet Simon Test ကိုကျွန်တော်တို့ဖြေလို့ရမယ့် အမှတ် တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု(Mental Age) ကိုတည် ကျွန်တော်တို့ လက်ရှိအသက်(Chronological Age) နဲ့စား ရတဲ့ဟာကို ၁၀၀နဲ့ မြှောက်ရတာဖြစ်ပါတယ်။
100x(MA/CA)
အကယ်၍ ကိုယ်ရဲ့​ IQ က ၁၀၀ ရနေမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် အသက်နဲ့ ဥာဏ်ပညာအသက် တူညီတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကမ္ဘာပေါ်မှာရှိ လူဦးရေရဲ့ ၈၀%ဟာ IQ ၈၀ နဲ့ ၁၂၀ကြားမှာရှိပါတယ်။ IQ ၇၅ ထက်နိမ့်ရင်တော့ ဥာဏ်ရည်မမှီးဘူးလို့သတ်မှတ်လို့ရပါတယ်။ ကဲ.... အခုသင်လည်းသင့် IQ ဘယ်လောက်ရှိလဲသိချင်နေရောပေါ့။ ဒီ Linkလေးကိုသွားလိုက်ပါ။ စာဖတ်သူအားလုံး ကျေနပ်နိုင်ကြပါစေ။