Thursday, December 18, 2008

"IQ ဆိုတာဘာလဲ?"

သူငယ်ချင်းတစ်ယောက်ကို မေးဖူးပါတယ်။ IQ ဆိုတာဘာလဲလို့။ သူကပြန်ဖြေတယ် IQ ဆိုတာ "Intelligence Quotient" တဲ့။ ဒါကတော့ လူတိုင်းသိမယ်ထင်ပါတယ်။ တကယ်တော့ IQ ဆိုတာ လူတွေရဲ့ smartness ကိုတိုင်းတာတဲ့ unit တစ်ခုပါပဲ။ အဲဒါကို အစပျိုးပေးခဲ့သူကတော့ ပြစ်သစ် စိတ္တဗေဒပညာရှင်ကြီး Alfred Binet ပါပဲ။ သူနဲ့ သူလက်ထောက် Theodore Simon တို့ဟာ ၁၉၀၅ခုနှစ်မှာ လူတွေရဲ့ intelligence ကိုတိုင်းဖို့အတွက် Binet Simon Test ကိုထုတ်ခဲ့ကြပါတယ်။ ဒီ Testဟာ လူတစ်ယောက်ရဲ့ Intelligence ကိုအကြမ်းဖျင်းလောက်တော့ ခန့်မှန်းလို့ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ယခုခေတ် ကျွန်တော်တို့အသုံးပြုနေတဲ့ IQ ကိုတွက်တဲ့ပုံသေနည်းကို စတင်ဖော်ထုတ်ခဲ့သူကတော့ ဂျာမန် စိတ္တဗေဒပညာရှင်ကြီး William Stern ပဲဖြစ်ပါတယ်။ သူက Binet Simon Test ကရတဲ့အဖြေကို အခြေခံပြီးတော့ IQ တွက်တဲ့နည်းကိုဖော်ထုတ်ခဲ့တာပါ။ IQ တွက်တဲ့နည်းကတော့ အဲဒီ Binet Simon Test ကိုကျွန်တော်တို့ဖြေလို့ရမယ့် အမှတ် တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု(Mental Age) ကိုတည် ကျွန်တော်တို့ လက်ရှိအသက်(Chronological Age) နဲ့စား ရတဲ့ဟာကို ၁၀၀နဲ့ မြှောက်ရတာဖြစ်ပါတယ်။
100x(MA/CA)
အကယ်၍ ကိုယ်ရဲ့​ IQ က ၁၀၀ ရနေမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် အသက်နဲ့ ဥာဏ်ပညာအသက် တူညီတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကမ္ဘာပေါ်မှာရှိ လူဦးရေရဲ့ ၈၀%ဟာ IQ ၈၀ နဲ့ ၁၂၀ကြားမှာရှိပါတယ်။ IQ ၇၅ ထက်နိမ့်ရင်တော့ ဥာဏ်ရည်မမှီးဘူးလို့သတ်မှတ်လို့ရပါတယ်။ ကဲ.... အခုသင်လည်းသင့် IQ ဘယ်လောက်ရှိလဲသိချင်နေရောပေါ့။ ဒီ Linkလေးကိုသွားလိုက်ပါ။ စာဖတ်သူအားလုံး ကျေနပ်နိုင်ကြပါစေ။

Tuesday, December 16, 2008

"ဆင်ကျီစားရာ ဆိတ်မခံသာ"

ဒါကတော့ တစ်ဦးနဲ့တစ်ဦးခံနိုင်ရည် limit မတူတာကိုပြောတဲ့စကားပုံပါ။ ဆင်တို့ အချင်းချင်းကျီစားရာတွင် တစ်ကောင်ကိုတစ်ကောင် ခြေထောက်နဲ့ကန် နှာမောင်းနဲ့ရိုက် ကျီစားလို့ရသော်လည်း ထိုကဲ့သို့ ဆိတ်ကိုကျီစားပါက ဆိတ်ခံနိုင်ရည်မရှိနိုင်ပါ။ စကားပုံက "တစ်ဦးနဲ့တစ်ဦး ကျီစားရင်ပဲဖြစ်ဖြစ် စကားပြောရင်ပဲဖြစ်ဖြစ် တစ်ဦးရဲ့ခံနိုင်ရည် limit ကို တစ်ဦးကသိထားသင့်ပါတယ်။ ထို limit ထက်ကျော်ပြီး ကျီစားမိပါက သူတစ်ပါးအပေါ်တွင် ကျီစားသလို သဘောမသက်ရောက်တော့ပဲ မခံမရပ်နိုင်စရာတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အချင်းများတတ်ပါတယ်။" လို့ဆိုလိုချင်တာပါ။ ညီအစ်ကို မောင်နှမချင်း ကျီစားတဲ့အခါပဲဖြစ်ဖြစ် သူငယ်ချင်း အချင်းချင်း ကျီစားရင်ပဲဖြစ်ဖြစ် လူကြီးတွေက အလွန်အကျွံ မဖြစ်အောင် ပြောတတ်တဲ့ စကားပုံပါ။

Friday, December 12, 2008

"အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံး"

လူတွေထမင်းဟင်းချက်တဲ့အခါမှာ အသုံးပြုတဲ့အိုးတွေဟာ သုံးတာကြာလာရင် နှုတ်ခမ်းတွေဟာ အနည်းငယ်ရွဲ့သွားလေ့ရှိပါတယ်။ အဲလိုရွဲ့သွားတဲ့အခါမှာ အိုးနှုတ်ခမ်းကို နဂိုဖြစ်အောင်မပြင်တော့ပဲ စလောင်းဖုံးကိုသာ ရွဲ့အောင်လုပ်လိုက်တာဟာ လွယ်ကူပြီး အိုးလည်းလုံစေပါတယ်။ အခုစကားပုံရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကတော့ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံးသလိုပဲ လူ့ဘဝမှာနေတဲ့အခါမှာ အမြဲတသမတ်တည်းမနေပဲ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေသင့်တယ်လို့ဆိုလိုပါတယ်။ လူကြီးတွေ ဆုံးမတဲ့အခါ သုံးလေ့ရှိတဲ့စကားပုံလေးပေါ့။

Wednesday, December 10, 2008

"လယ်ထွန်သွား နွားမေ့"

ယခင် စက်မှုလက်မှု မထွန်ကားခင်တုန်းက လယ်ထွန်တဲ့နေရာမှာ နွားကိုအသုံးပြုလေ့ရှိပါတယ်။ တချို့လူတွေက နွားတွေဟာလူတွေရဲ့ ထမင်းရှင်လို့တောင် တင်စားပြောဆိုလေ့ရှိပါတယ်။ ဒါကြောင့် နွားတွေဟာ လယ်ထွန်တဲ့နေရာမှာ အရေးအကြီးဆုံးလို့ပြောလို့ရပါတယ်။ အခု စကားပုံရဲ့ အဓိပ္ပါယ်ကတော့ လယ်ထွန်သွားတဲ့အခါမှာ အရေးကြီးဆုံးဖြစ်တဲ့ နွားကိုမေ့ကျန်ခဲ့တယ်လို့ ဆိုချင်တာပါ။ တစ်နေရာရာသွားလို့ အရေးကြီးတဲ့ပစ္စည်း တစ်စုံတစ်ခုကျန်ခဲ့ရင် သုံးပါတယ်။ တပါးသူကို အပြစ်တင်ရင် သုံးလေ့ရှိတဲ့စကားပုံတစ်ခုပါ။

Tuesday, December 9, 2008

"မိကျောင်းမင်း ရေခင်းပြ"

ရေချိုသတ္တဝါတွေထဲမှာ မိချောင်းဟာ ရေနဲ့ပတ်သတ်လို့ ရေအသွားအလာ ရေအဖြစ်အခင်းအစရှိသည်ကို နားအလည်ဆုံး သတ္တဝါဖြစ်ပါတယ်။ အဲဒီ မိချောင်းတွေထဲကမှ ဘုရင်ဖြစ်တဲ့ မိချောင်းမင်းကို ရေအဖြစ်အခင်းပြသလမ်းညွှန်တယ်လို့ စကားပုံကအဓိပ္ပါယ်ရပါတယ်။ လူတစ်ယောက်ကို သူကျွမ်းကျင်တဲ့ဘက်မှာ သွားပြီး ဆရာလုပ်သလိုမျိုးပေါ့နော်။ ကိုယ်သိတဲ့အရာကို တခြားတစ်ယောက်က လာဆရာလုပ်ရင် သုံးလေ့ရှိတဲ့စကားပုံပါပဲ။

စကားပုံ

မြန်မာလူမျိုးတော်တော်များများက စကားပြောတဲ့အခါမှာ စကားပုံတွေနဲ့ခိုင်းနှိုင်းပြောဆိုလေ့ရှိကြတယ်။ တော်တော်များများက လူကြီးတွေပါ။ အဲဒီအခါမှာ ကိုယ်ကမသိတဲ့အခါမှာ ခံလိုက်ရတာတွေရှိတတ်တယ်။ အဲဒါကြောင့် ကျွန်တော်က ကျွန်တော်သိသမျှ စကားပုံလေးတွေရဲ့ အဓိပ္ပါယ်နဲ့သုံးတတ်တဲ့နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သိချင်တဲ့ စကားပုံလေးတွေရှိရင်လည်း မေးလို့ရပါတယ်။ ပြောပြပေးပါ့မယ်။ သိရင်ပေါ့နော်။ =P

Thursday, November 6, 2008

ဆန်တစ်လုံး

ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခုပါ။ သူငယ်တန်းလား တစ်တန်းလားတော့မပြောတတ်ပါဘူး။ ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်ဖို့ ဆိုပြီး ကျောင်းသားတစ်ယောက်ကို ဆန်တစ်လုံးဆီ ယူခိုင်းတယ်။ အိမ်ရောက်တော့ အမေ့ကိုပြောပြတာပေါ့။ အစ်မေကလည်း မနက်ကျရင် အဆင်သင့်လုပ်ထားပေးမယ်တဲ့။ အဲ နောက်တစ်နေ့မနက်ရောက်ပါလေရော။ ပြဿနာက အဲဒီမှာစတော့တာပဲ။ အမေကသူ အဆင်သင့်ပြင်ထားတဲ့ ဆန်ကို ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပြီးပေးတာပေါ့။ အဲဒီဆန်ထုပ်လည်းမြင်ရော အမေ့ကိုဆူပါလေရော။ ဆရာမကဆန်တစ်လုံးတည်း လိုချင်တာကို အမေကဘာလို့ တစ်ထုပ်တောင်ပေးရတာလဲလို့ပေါ့။ အဲဒီမှာ အမေကသဘောပေါက်သွားပြီး၊ ဆရာမပြောသော ဆန်တစ်လုံး ဆိုသည်မှာ ဆန်နို့ဆီဘူးတစ်လုံးဖြစ်ကြောင်း၊ ကျွန်တော်ထင်သော ဆန်တစ်လုံးဆိုသည်မှာ ဆန်တစ်စေ့ဟုသာခေါ်ကြောင်း ရှင်းပြတာပေါ့။ အရာမထင်ပါ။ ကျွန်တော် ဒီဆန်တစ်ထုပ်သာပေးလိုက်လို့ကတော့ အတန်းသားများဝိုင်းရယ်တော့မှာပဲ ဆရာမကလည်း အသားကုန်ဆူတော့မှာပဲ ဆိုပြီးတော့ ကျောင်းမသွားတော့ဘူးဆိုပြီး ငိုပါလေရော။ တစ်အိမ်လုံးကဝိုင်းပြီး သက်သေထူပြီးပြောတာတောင် လက်မခံဘူး။ နောက်ဆုံးတော့ ဘယ်လို ချော့လိုက်ရာလည်းဆိုတော့ ဆန်အိတ်ကိုဖွက်ပြီးယူသွား၊ တစ်ခြားကျောင်းသားတွေ ဘယ်လောက်ပေးလည်းဆိုတာ အခြေအနေကြည့်ပြီးပေးပေါ့လို့ သဘောတူညီချက်နဲ့ ကျောင်းသွားခိုင်းမှပဲ ကျောင်းကို သွားတော့တယ်။ အားလုံး မြန်မာစာကို ရှင်းရှင်းလင်းလင်းနားလည် နိုင်ကြပါစေ။

Friday, October 24, 2008

နံပြား

ကျွန်တော့်လိုပဲ မျက်နှာပြောင်တဲ့ သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားလေးပါ။ ကျွန်တော် ငါးတန်းခြောက်တန်း မြန်မာသဒ္ဒါစသင်ရတဲ့ အတန်းပေါ့။ "သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့တို့၏အမည်ဟူသမျှကို နာမ်ဟုခေါ်သည်" "နာမ်၏အစားသုံးသောပုဒ်ကို နာမ်စားဟုခေါ်သည်" စသည်ဖြင့် ဆရာမကသင်တာပေါ့။ အဲ... ကျွန်တော်သူငယ်ချင်းကဒီလို စဉ်းစားတယ် နာမ်၏အစားသုံးသောပုဒ်ကို နာမ်စားဟုခေါ်သည်ဆိုတော့ နာမ်၏အပြားသုံးသောပုဒ်ကိုတော့ နံပြားလို့ခေါ်တာပေါ့တဲ့

Monday, September 15, 2008

သင်းကွဲငှက်တစ်ကောင်ရဲ့စိတ်

ကျွန်တော်လွမ်းနေခဲ့တာ
မီးတွေပျက်တဲ့ နေရာပါ။
ဘတ်စ်ကားတွေကြပ်တဲ့ နေရာပါ။
အမှိုက်တွေ ရှုပ်တဲ့နေရာပါ။
တကယ်တော့ ကျွန်တော်လွမ်းနေခဲ့တာ
ရန်ကုန်မြို့ပါ။
ကျွန်တော်လွမ်းနေခဲ့တာ
အေးမြတဲ့ လမင်းပါ။
နွေးထွေးတဲ့ ရင်ခွင်ပါ။
အားပေးတဲ့ စကားသံပါ။
တကယ်တော့ ကျွန်တော်လွမ်းနေခဲ့တာ
ကျွန်တော့်ရဲ့ မိခင်ပါ။
ကျွန်တော်လွမ်းနေခဲ့တာ
အလင်းရောင်ပေးတဲ့ နေမင်းပါ။
လမ်းပြတဲ့ ရှေ့ဆောင်ပါ။
ဆုံးမတဲ့ စကားသံပါ။
တကယ်တော့ ကျွန်တော်လွမ်းနေခဲ့တာ
ကျွန်တော့်ရဲ့ ဖခင်ပါ။
ကျွန်တော်လွမ်းနေခဲ့တာ
လုံခြုံတဲ့ အရိပ်ပါ။
အမောပြေတဲ့ နားခိုရာပါ။
စည်းလုံးတဲ့ အသိုက်ပါ။
တကယ်တော့ ကျွန်တော်လွမ်းနေခဲ့တာ
ကျွန်တော့် အိမ်ပါ။

Friday, September 12, 2008

In case of Fire

ရယ်စရာ ဟာသလေးတစ်ခုပါ။ ကျွန်တော်တို့ အမြဲစီးလေ့ရှိတဲ့ ဓာတ်လှေခါးတွေမှာ "In case of fire, do not use lift" လို့ရေးထားတာကို အားလုံးသတိပြုမိမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ကျောင်းက တစ်ခုသော ဓာတ်လှေခါးမှာတော့ စာကြောင်းလေးတစ်ကြောင်းပိုနေပါတယ်။ အဲဒီစာက correction pen နဲ့ရေးထားတာပါ။ "In case of fire, do not use lift... USE WATER!!!" =)

Monday, September 8, 2008

Who are they?

မူလတန်းတုန်းက အဖြစ်အပျက်လေးတစ်ခုပါ။ တစ်တန်း၊ နှစ်တန်းလောက်တော့ရှိမယ်ထင်တယ်။ ကျောင်းကို မြို့နယ်ပညာရေးမှူးလာမယ်ဆိုတော့ ဆရာမက အတန်းထဲက ကလေးတွေကိုအင်္ဂလိပ်လို နည်းနည်းပါးပါး သင်ပေးထားတာပေါ့။ သူကဘယ်လိုမေးရင် ကျောင်းသားတွေကဘယ်လိုဖြေရမယ်ပေါ့။ ကံဆိုးချင်တော့ ကျွန်တော်အဲဒီနေ့က ကျောင်းမသွားဖြစ်ပါဘူး။ နောက်နေ့ကျောင်းရောက်တော့ သူငယ်ချင်းတွေကလည်းမပြောပါဘူး။ အဲဒါနဲ့ မြို့နယ်ပညာရေးမှူးလာပါလေရော။ အတန်းထဲရောက်တော့ ဆရာမနဲ့နည်းနည်းပါးပါး စကားလေးပြောတာပေါ့။ ပြောလည်းပြီးရော ဆရာမက ကျောင်းသားတွေဘက်ကို လှည့်ပြီးတော့ ကျောင်းသားတစ်ယောက်ကို ရွေးတာပေါ့။ အဲဒီနေ့မှာမှ ရှေ့ဆုံးမှာထိုင်မိတဲ့ ကျွန်တော်ကတော့ ကံဆိုးသူမောင်ရှင်ပေါ့ဗျာ။ ဆရာမကလည်း ကျွန်တော့်ကိုကြည့်ပြီးတော့ ယုံယုံကြည်ကြည်ပဲ မေးတယ်။ "Who are they?" တဲ့။ သေပါရောလားဗျာ။ ဘယ်သူတွေမှန်းတောင်မသိပါဘူး။ အဲဒါနဲ့ကျွန်တော်လည်း ကျွန်တော်သိတာပဲ ဖြေလိုက်တယ်။ ကျွန်တော်လည်းဖြေပြီးရော မြို့နယ်ပညာရေးမှူးမှာ အိနြေ္ဒမဆည်နိုင်ပဲ ခွက်ထိုးခွက်လန် ရယ်ပါလေရော။ ဆရာမကတော့ မျက်နှာကြီးကို နီနေတာပဲ။ ကျွန်တော်ဖြေလိုက်တာ သုံးလုံးထဲပါ။ "They are who?"..........

Friday, September 5, 2008

"ရင်လောက်မှန်းမှ ဒူးလောက်တင်" နှင့် "ဒူးလောက်တင်မှ ရင်လောက်ကျ"

အထက်ပါ စကားပုံ နှစ်ခုမှာ ဘယ်ဟာက အမှန်လဲ လို့မေးရင် ပထမဟာ အမှန်လို့ လူတော်တော်များများ ဖြေကြပါတယ်။ ကျွန်တော်လည်းမှားတယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ပထမဟာက စကားပုံမဟုတ်ပါဘူး။ လူတွေပြောတဲ့ စကားသက်သက်ပါ။ တကယ့် စကားပုံ အစစ်အမှန်က ဒုတိယဟာပါ။ ဒီစကားဟာ ရှေးခေတ်မုဆိုးတွေ ကနေဖြစ်ပေါ်လာတဲ့ စကားပုံပါ။ ရှေးခေတ် မုဆိုးတွေဟာ ဒူးလေးကို အဓိကထားပြီး သုံးလေ့ရှိပါတယ်။ မုဆိုးတွေက ဒူးလေးပစ်ခါနီး လေးတင်ကြရပါတယ်။ အဲလို လေးတင်တဲ့အခါမှာ လေးကို ဒူးလောက်မှစတင်မှ ရင်ဘတ်လောက်မှာ လေးသွားကျတယ်လို့ပြောချင်တာပါ။ ဒူးအောက်မှ စတင်လျှင် ခါးကို တော်တော်လေးကုန်းရမှာ ဖြစ်ပြီးတော့ ဒူးအပေါ်ကစတင်လျှင်လည်း လေးမကျပဲရှိတတ်ပါတယ်။ မယုတ်မလွန်လုပ်ချင်းမှာ အစဉ်ပြေမှုကိုဖြစ်ပေါ်စေတယ်လို့ပြောချင်တာပါ။ တကယ့် စကားပုံရဲ့အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ ပျက်အစဉ် ပြင်ခဏ ပါပဲခင်ဗျာ။ အားလုံးအမှန်ကို သိနိုင်ကြပါစေ။

ကလေးအတွေး

ကလေးအတွေးနဲ့မေးတဲ့မေးခွန်းတွေဟာ တစ်ခါတစ်လေမှာ လူကြီးတွေကို ဖြေရခက်စေပါတယ်။ အဲ လူကြီးတွေကလည်း "လူကြီး" ဆိုတဲ့ အားသာချက်ကိုသုံးပြီး ပြန်ဖြေတတ်ကြတယ်။ ကျွန်တော် အခုအထိမှတ်မိနေတဲ့ ငယ်ငယ်တုန်းကအဖြစ်အပျက်လေးတစ်ခုပါ။ ငယ်ဆို မူကြိုတက်ခါစ သုံးလေးနှစ်လောက်တော့ရှိမယ် ထင်တယ်။ ကျွန်တော်တို့အိမ်က ကျွန်တော့်အန်တီလေးက ကိုယ်ဝန်ရှိပါလေရော။ အဲဒါနဲ့ကျွန်တော်လည်း စပ်စုပြီးသွားမေးတာပေါ့။ အန်တီလေး ဘာလို့ဗိုက်ကြီးတာလဲပေါ့နော်။ အန်တီလေးလည်း ခေါင်းရှုပ်သွားတာနဲ့ ပြီးပြီးရောပဲဖြေလိုက်တာပေါ့။ သားဦလေးနဲ့အတူတူအိပ်လို့ ဗိုက်ကြီးတာပေါ့သားရဲ့တဲ့။ အဲ...ပြဿနာကအဲဒီကစတာပါပဲ။ မူကြိုက နေ့လည်အိပ်ချိန်မှာ ယောက်ျားလေးနဲ့ မိန်းကလေးနဲ့ တူတူအိပ်ရတာကလား။ ကျွန်တော်လည်း အန်တီလေးကို ပြဿနာရှာတော့တာပေါ့။ မူကြိုမှာ ကျွန်တော်နဲ့တူတူအိပ်တဲ့ မိန်ကလေးတွေကော ဗိုက်မကြီးဘူးလားလို့ပေါ့။ အန်တီလေး တော်တော်ဖြေရကြပ်သွားတယ်။ နောက်ဆုံးတော့လည်း သူတို့လက်နက်ပဲသုံးရတော့တာပေါ့။ သြော်သားရယ် သူတို့ကငယ်သေးတာကိုးတဲ့။ အဲဒီတုန်းကတော့ အတွေးတစ်ခုရှိတယ်။ "သြော်... တော်သေးတာပေါ့ ဆရာမတွေပါ ငါတို့နဲ့မအိပ်လို့.."

Thursday, September 4, 2008

ZERO

သင်္ချာအတန်းထဲက အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်အရမ်း ကြိုက်တာနဲ့ရေးဖြစ်သွားတာပါ။ သင်္ချာ တစ်ပုဒ်ကို ဆရာမကရှင်းပြရင်း အဖြေကို ဆရာမကမေးတယ်။ အဖြေကတော့ အကြွင်း သုံညပါ။ အဲဒါကို အတန်းထဲက တစ်ယောက်က "nothing" လို့ဖြေတယ်။ သူပြောချင်တာက ဘာမှမကျန်တော့ဘူးပေါ့။ ဆရာမက ပြုံးတယ်။ ပြီးတော့ သုံည လေးရေးပြပြီးတော့ ပြောတယ် "Zero is not nothing. It is juz something we neglect most of the time" တဲ့.......

Wednesday, September 3, 2008

အဖေ

ဘာရယ်မဟုတ်ပါဘူး ဒီနေ့ကျောင်းကအပြန် အိမ်အောက်မှာ ကလေးလေးတစ်ယောက်ကို သူ့အဖေက စက်ဘီးစီးသင်ပေးနေတာကို မြင်တာနဲ့ ကျွန်တော်လည်း ကျွန်တော့်အဖေကို သွားသတိရတယ်။ ကျွန်တော့်ကို စက်ဘီးစီးသင်တော့ ကျွန်တော် ငါးတန်း ခြောက်တန်းတောင် ရောက်နေပြီ။ ကျွန်တော်တို့မိသားစု နယ်ကိုခရီးသွားတာ အဲဒီနယ်မှာလည်း စက်ဘီးပဲသုံးကြတာဆိုတော့ ကျွန်တော်လည်းစက်ဘီးစီးဖို့ပူဆာတာပေါ့။ ကျွန်တော့်အဖေ လည်းမငြင်းရှာပါဘူး။ ကျွန်တော်မှတ်မိတယ် အဲဒီတုန်းက မြစ်ကမ်းစပ်လေးမှာ တောင်ကုန်းလေးရှိတယ်။ အဖေက အဲဒီတောင်ကုန်းလေးပေါ်ကို ကျွန်တော်နဲ့စက်ဘီးကိုမသွားပြီး သူကကိုင်ပေးပြီး တောင်ကုန်းလေးပေါ်ကတွန်းဆင်းတယ်။ ကလေးဆိုတော့ ဇွဲနဲ့မရမချင်းပေါ့။ နှစ်ရက်သုံးရက်လောက်နေတော့ တတ်သွားပါလေရော။ ကျွန်တော်အခုမှစဉ်းစားမိတယ်။ ကျွန်တော်ကိုရော စက်ဘီးပါ တောင်ကုန်းပေါ်ကို အကြိမ်ပေါင်းများစွားတွန်းတင်ရတဲ့ အဖေတော့အီစိမ့်နေမှာပဲလို့။ သြော် အဖေ အဖေ တစ်ချက်လေးတောင် မငြီးရှာပါလား........